ဒီလို မုန်ညင်းချဉ်လေးဖြစ်လာဖို့ အဓိက လိုအပ်တဲ့ အဆာပလာများကို အောက်မှာ ဖော်ပြပါမယ်နော်။
မုန်ညင်းချဉ်တည်ဖို့ဆိုရင် မုန်ညင်းအဖြူမျိုးတွေကို မသုံးဘဲ အပေါ်ကလို မုန်ညင်းစိမ်းမျိုးကိုသုံးရပါတယ်။ အဲဒီမုန်ညင်းတွေကို ခူးဆွတ်လာပြီး(သို့) ဝယ်လာပြီးရင် အပင်လိုက် (အမြစ်မပါ) သော်လည်းကောင်း အရွက်လိုက် သော်လည်းကောင်း နေပူလှမ်းရပါတယ်။
ရာသီဥတု အပူအအေးကို လိုက်ပြီး ၃ရက် မှ ၁ဝရက်ထိ လှမ်းကြပါတယ်။ လှမ်းပြီး နွမ်းသွားတဲ့ မုန်ညင်းတွေ ကို တစ်လက်မ အရွယ် ပိုင်းဖြတ်ပါတယ်။ အချို့ကတော့ မုန်ညင်းအရွက်မယူဘဲ အရိုးချည်းသာ ယူပါတယ်။ ဒီမှာတော့ အရိုးရော အရွက်ပါ ယူပါတယ်။ ဖြတ်ထားပြီး မုန်ညင်းကို တစ်ရက် နှစ်ရက်ခန့် ပြန်လှမ်းပါတယ်။
ပြီးလျှင် လှမ်းပြီးသား မုန်ညင်းစိမ်းများကို ဆားဖြင့်နယ်ကာ ရေပြန်ဆေးပါတယ်။ ဆားနယ်ပြီး ရေဆေး ခြင်း ကို ၂ကြိမ် ၃ကြိမ် ပြုလုပ်ပါတယ်။ မုန်ညင်းစိမ်းကို နယ်တဲ့အခါ အနံ့ပြင်းပါတယ်။ အဲဒီ အနံ့တွေ လျော့သွား တဲ့အထိ နယ်ကြပါတယ်။
မုန်ညင်းချဉ်ထဲ အများဆုံးထည့်ကြတဲ့ ဂျူးမြစ်ပါ။ ဂျူးမြစ်ကိုလည်း ခြောက်အောင် လှမ်းထားပါတယ်။ အချို့တော့ ဥနီ၊ ပန်းဂေါ်ဖီများလည်း ထည့်ကြပါတယ်။ အဲဒါတွေ ထည့်မယ် ဆိုရင်လည်း ပထမဦးစွာ အခြောက်လှမ်းဖို့ လိုပါတယ်။
နံနံစေ့ကို မညက်တညက် ကြိတ်ထားတာပါ။
စမုန်စပါးစေ့ ကြိတ်ပြီးသား
ငရုပ်သီးအကြမ်းမှုန့် (ညက်ဖို့ မလိုပါ)
ဒါကတော့ ကောက်ညင်းကို အရည်ပျစ်ပျစ်ချက်ထားတာပါ။ အထဲမှာ ထန်းညက် (သို့) ကြံသကာ ထည့်ထားပါတယ်။ အချို့ မုန်ညင်းချဉ် တည်သူများက ဒီကောက်ညင်းချက်တာကို မထည့်ဘူးလို့ ဆိုကြပါတယ်။ (မရှိရင်တော့ မထည့်နဲ့ပေါ့နော်)
သကြားပါ
ဒါကတော့ ထမင်းကို အချဉ်ဖောက်ထားတဲ့ ကဇော်ဖြစ်ပါတယ်။ (ဒီကဇော်ကိုလည်း တစ်ချို့က နယ်တဲ့အချိန် မထည့်ဘဲ အားလုံးပြီးသွားမှ အပေါ်က ဖြန့်ခင်းထားလိုက်တယ် လို့ သိရပါတယ်။ အချို့ကျတော့လည်း လုံးလုံး မထည့်ကြပါဘူး )
မုန်ညင်းချဉ်တည်ရာမှာ မပါမဖြစ် လိုအပ်တဲ့ တစ်ခုကို ဓာတ်ပုံရိုက်ဖို့ မေ့သွားခဲ့ပါတယ်။ အဲဒါကတော့ ဆန်အရက်ခေါ် ချက်အရက် အကြည်ဖြစ်ပါတယ်။ ဓာတ်ပုံမရှိလို့ Google ကနေ တွေ့ရာ ပုလင်း ရှာလိုက်ပါတယ် :)
မုန်ညင်းချဉ် စလုပ်ဖို့ ပစ္စည်း အဆာပလာများစုံပြီဆိုရင် စပါမယ်နော်။ ပထမဦးစွာ မုန်ညင်းများကို ဆား များများဖြင့် စနယ်ပါတယ်။ မုန်ညင်းချဉ် မြန်မြန်ချဉ်လိုပါက ဆားများများ ထည့်ဖို့ မလိုပါဘူးတဲ့၊ ကြာကြာထားပြီး ဖြေးဖြေးမှ ချဉ်ဖို့ဆိုရင် ဆားများများ ထည့်ဖို့ လိုအပ်ပါတယ် လို့ ပြောပြပါတယ်။ ဆားများများထည့်ထားတဲ့ မုန်ညှင်းချဉ်ဟာ ကြာကြာလဲ ထားခံတယ်လို့ သိရပါတယ်။
အောက်မှာတော့ အဆာပလာထည့်ပုံ အဆင့်ဆင့်ကို ဖော်ပြပါမယ်နော်။
နံနံ၊ စမုန်စပါး ကြိတ်ပြီးသားတို့ကို ထည့်ပါတယ်။
ဂျူးမြစ်ခြောက်၊ သကြားတို့ကိုထည့်ပါတယ်။
ကဇော်ကို အရည်ရော အဖတ်ရော ထည့်ပါတယ်။
အဲဒါတွေ ထည့်ပြီးတော့ အားပါးတရ နယ်ပါတယ်။ မုန်ညင်းချဉ်ဟာ လူအတော်ပင်ပန်းပါတယ်။ ဘာဖြစ်လို့ဆိုတော့ နယ်သားကောင်း မုန်ညင်းချဉ်ကလည်း စားလို့ကောင်းပါတယ်။
အကြိမ်ကြိမ် အဖန်ဖန် နယ်ထားတဲ့ မုန်ညင်း
မုန်ညင်းချဉ်နယ်သားကျသွားမှ ငရုပ်သီးမှုန့်နဲ့ အရက်တို့ကို ထည့်လိုက်ပါတယ်။ ငရုပ်သီးကို နောက်ဆုံးမှ ထည့်တာက အကြာကြီးနယ်ရင် လက်ပူမှာစိုးလို့ပါ။
ငရုပ်သီးနဲ့ အရက် ထည့်ပြီးပြန်တော့ ခုလို အားရပါးရ နယ်ရပြန်ပါတယ်။
နယ်ပြီးလို့ ပြီးစီးတဲ့ အနေအထား
နယ်ပြီးသွားတဲ့ မုန်ညင်းတွေကို ခုလို ပလပ်စတစ် ပုံးကြီးနဲ့ သိပ်ထည့်ပါတယ်။ အချို့ကတော့ စဉ်းအိုးများနဲ့ ထည့်ပါတယ်။
မုန်ညင်းကို မှိုတက်မသွားဘဲ ကောင်းကောင်းမွန်မွန် အချဉ်ပေါက်လာဖို့ အတွက် အရေးကြီးသည်မှာ အဖုံးကို လေလုံးဝ မဝင်နိုင်အောင် သေသေချာချာ လုံလုံပိတ်ဖို့ အရေးကြီးတာပါ။ ခုဒီအတိုင်းဆို အပေါ်က ပလပ်စတစ်ထပ်အုပ်ပြီးမှ အဖုံးကို တင်းတင်းကြပ်ကြပ် လုံလုံခြုံခြုံပိတ်ထားလိုက်ပါတယ်။ အချိန် ၁၅ရက်လောက်မှာ စပြီး စားလို့ရပါပြီ။ အချို့ကတော့ လအကြာကြီး ထားပြီးမှ စားကြပါတယ်။ မုန်ညင်းချဉ်ဟာ အဖုံးဖွင့်ပြီးရင် ကြာကြာထားလို့ သိပ်မခံတော့ပါဘူး။ ဒါကြောင့် ကြာကြာထားဖို့ဆိုရင် မစားမချင်း ဖုံးမဖွင့်သေးဘဲ စားတော့မယ်ဆိုမှသာ အဖုံးဖွင့်ကြတယ်လို့ ဆိုပါတယ်။ ပြီးတော့လည်း မုန်ညင်းချဉ်အိုးကို နှိုက်တဲ့အခါ ဆီလုံးဝ မထိရဘူး ၊ ဆီပေတဲ့ ဇွန်း၊ လက် တို့နဲ့ မနှိုက်ရပါဘူးတဲ့။ ဆီထိတာနဲ့ မုန်ညင်းချဉ် ပုပ်သွားတတ်ပါတယ်လို့ ဗဟုသုတလည်း သိရပါတယ်။
ခုဖော်ပြတဲ့ မုန်ညင်းချဉ်ဟာ သူငယ်ချင်းတစ်ယောက်ရဲ့ ညီမ ရှမ်းမလေး တစ်ယောက် တည်တဲ့ မုန်ညင်းချဉ်ကို ဖော်ပြထားတာဖြစ်လို့ နာမည်ကိုလည်း ရှမ်းမလေးရဲ့ မုန်ညင်းချဉ်လို့ ပေးလိုက်ပါတယ်။
အစိမ်းရောင်လွင်ပြင်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။
0 comments:
Post a Comment