အိုးထဲဆီထည့်၍ ဆီဆူလာသောအခါ ထောင်းထားသော ဂျင်း၊ ကြက်သွန်ဖြူနီကိုအရင်ထည့်ပါ။ ကြက်သွန်ဖြူနီထည့်ပြီး မိနစ်ဝက်လောက်နေမှ စပါးလင်ကို ထည့်ပါ။(စပါးလင်မထည့်ခင် မီးလျှော့ထားပါ။ မီးပြင်းလျှင် စပါးလင်တူးတတ်ပြီး ဟင်းအရသာ ခါးသွားတတ်ပါတယ်။) ၁မိနစ်လောက်မွှေပေးပြီး ငရုပ်စိမ်းမှုန့်ထည့်ပါ။ တစ်မိနစ်လောက်နေလို့ ငရုပ်စိမ်းမှုန့်ကျက်လောက်တဲ့အခါ ခရမ်းချဉ်သီး ထည့်မွှေပါ။ ခရမ်းချဉ်သီးလိပ်သွားသည်အထိ မွှေပြီးသောအခါ ကြက်သားထည့်မွှေပါ။ ပြီးရင် ရေလ္ဘက်ရည်တစ်ခွက်စာထည့်ပြီး အဖုံးအုပ်ထားပါ။ ရေမခမ်းတခမ်းဖြစ်လာလျှင် နောက်ထပ် ရေလ္ဘက်ရည်တစ်ခွက်စာထည့်ပြီး အဖုံးပြန်အုပ်ထားပါ။ (ရေများများထည့်ပါက ကြက်သားနူးဖို့ ကြာတတ်သည်။) ကြက်သားမနူးတနူး အနေဖြစ်လာပါက ဘူးသီးကို ရေစစ်ပြီးထည့်မွှေပါ။ ပြီးရင် ရေလ္ဘက်ရည်တစ်ခွက်စာထည့်ပြီး အဖုံးအုပ်ထားပါ။ (ရေထည့်များပါက ဘူးသီးနူးဖို့ကြာတတ်သည်။) ၅မိနစ်ခန့်နေလျှင် ဘူးသီးနှင့်ကြက်သားအား ထပ်မွှေပေးပါ။ ဘူးသီးအရောင်က အဖြူရောင်အနေအထားမှ အရောက်ကြည်လာပါက ဘူးသီးကျက်နေပြီမို့ ဘူးသီးအရောင်ပြောင်းသွားပါက ကိုယ်လိုသလောက်ရေထည့်ပြီး အဖုံးအုပ်ထားပါ။
ဟင်းရည်ပွက်လာပါက ဆား၊ ကြက်သားမှုန့်၊ ငံပြာရည် စတာတွေကို လောင်းထည့်ပါ။ ဆူပွက်လာလျှင် အရသာမြည်းကြည့်ပါ။ အရသာအနေတော်ဖြစ်ပါက နံနံပင်အုပ်မီးပိတ်ပြီး အဖုံးအုပ်ထားပေးပါ။ ၂မိနစ်လောက်နေလျှင် ဘူးသီးနှင့် ကြက်သား ချဉ်ရည်ဟင်းအား အသင့်ခူးခပ်စားလို့ရပါပြီ။
ပုံရိပ်(burmesehearts.com)
0 comments:
Post a Comment