ချဉ်ပေါင်ကြော်အတွက် လိုအပ်သောပစ္စည်းများမှာ ဆီ ထမင်းစားဇွန်း နှစ်ဇွန်း၊ ချဉ်ပေါင် (၅၀၀)ဂရမ်၊ မျှစ်(၁၅၀)ဂရမ်၊ နံနံပင် အနည်းငယ်၊ ငရုပ်သီးစိမ်းအနည်းငယ်၊ ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်း၊ ငရုပ်အစိမ်းမှုန့် လ္ဘက်ရည်ဇွန်း(၁)ဇွန်း မောက်မောက်၊ ပုစွန်ခြောက်မှုန့် ထမင်းစားဇွန်း(၁)ဇွန်း၊ ဆား လ္ဘက်ရည်ဇွန်း(၁)ဇွန်း၊ ကြက်သားမှုန့် လ္ဘက်ရည်ဇွန်း(၁)ဇွန်း တို့လိုအပ်ပါတယ်။
ပထမဦးစွာ ချဉ်ပေါင်ကိုသင်ပြီး ရေဆေးထားပါ။ အရွက်ကြီးကြီးဖြစ်နေတာ မကြိုက်တဲ့သူတွေက ရေမဆေးခင် ချဉ်ပေါင်ကို လိုတဲ့အနေလောက်ကလေးတွေ ကတ်ကြေးနဲ့ ညှပ်ထားလို့ရပါတယ်။ ပြီးရင် မျှစ်ကို ကိုယ်စားချင်တဲ့ အဝိုင်၊ အရှည် လိုသလိုလှီး၍ဆေးထားပါ။ ငရုပ်သီးကိုလဲ အညှာခြွေပြီး အလယ်က ထက်ခြမ်းခွဲထားပါ။
နံနံပင်ကို ရေဆေးပြီး မကြီးမသေးလှီးထားပါ။ အခုဆို စချက်လို့ရနေပါပြီ။
(ချဉ်ပေါင်ကြော်ကို ကြာကြာခံအောင် သိမ်းမထားဘဲ အစုံထည့်ချင်သူတွေကတော့ ကြက်သွန်နီ အနေတော်တစ်လုံး၊ ကြက်သွန်ဖြူ အရွယ်တော်(၄)မွှာ၊ ရုံးပတီသီး(၁၀၀)ဂရမ် တို့ကို ကိုယ်ကြိုက်တဲ့အရွယ်အစားလှီးထားရပါမယ်။)
မီးဖိုပေါ်တင်ထားတဲ့ အိုးပူလာရင် ဆီထည့်ပါ။ (ကြက်သွန်နီ၊ ဖြူ ပါသူတွေက ဆီဆူလာရင် ကြက်သွန်နီ၊ ဖြူထည့်ပါ)။ မီးပြင်းနေရင် နည်းနည်းလျှော့ပြီး ငရုပ်စိမ်းမှုန့်ကိုထည့်ပါ။ (မီးပြင်းလွန်းရင် ငရုပ်စိမ်းမှုန့်က ထည့်တာနဲ့ မည်းတူးသွားတတ်ပါတယ်။ အဲဒီအခါ အနံ့အရသာပျက်သွားတတ်ပါတယ်။) ငရုပ်စိမ်းမှုန့်ကျက်လာရင် မျှစ်ကိုထည့်မွှေပါ။
မျှစ်ထည့်ပြီး (၂)မိနစ်လောက် မီးဖိုပေါ်မွှေပြီးရင် ငရုပ်သီးစိမ်းတောင့် ထက်ခြမ်းခွဲလှီးထားတာထည့်ပါ။ (ငရုပ်သီးစားလို့ ဗိုက်နာတတ်သူတွေအတွက်ပါ။ ငရုပ်သီးအစိမ်းတောင့် ကျက်သွားရင် ဗိုက်မနာတတ်ပါဘူး။) ပြီးရင် ပုစွန်ခြောက်မှုန့်ထည့်ပါ။ ခဏရောမွှေပြီးတာနဲ့ ချဉ်ပေါင်ထည့်ပါ။ (ဒီမှာသတိထားရမှာက ချဉ်ပေါင်မထည့်မီ မီးပြင်းနေပါက မီးအားနည်းနည်းလျှော့ချပေးပါ။ မီးအားကြောင့် ထည့်ထည့်ချင်း ချဉ်ပေါင်တွေ အိုးကပ်သွားတတ်ပါတယ်။)
ချက်တဲ့အိုးက သေးနေပါက ချဉ်ပေါင်ထည့်လိုက် မွှေလိုက်နဲ့ နည်းနည်းစီထည့်မွှေပေးပါ။ ချဉ်ပေါင်အကုန်ထည့်ပြီးရင် ဆား၊ ငံပြာရည်၊ ကြက်သားမှုန့်တို့ကို ထည့်ပြီးမွှေပေးပါ။ မြန်မြန်နူးအောင် အဖုံးအုပ်ပြီး ခဏခဏဖွင့်မွှေပေးပါ။ (၁၀)မိနစ်လောက်မွှေပြီးတဲ့အခါမှာ ချဉ်ပေါင် နူးအိလာပါလိမ့်မယ်။ အဲဒီအခါမှာ နံနံပင်(ရုံးပတီသီး၊ ငရုပ်သီးစိမ်း မနူးတနူးကိုက်စားချင်သူတွေက ငရုပ်သီးစိမ်းကိုအခုမှ)ထည့်၊ ပြန်မွှေပြီး အဖုံးအုပ်ထားပါ။ (၂)မိနစ်လောက်နေရင် မီးပိတ်လိုက်ပါ။ အဲဒီအခါမှာ အသင့်စားလို့ရပြီဖြစ်တဲ့ ချဉ်ပေါင်ကြော်ကို ရပါမယ်။
ပုံရိပ်(burmesehearts.com)
ကိုကျော်စွာ ကြော်တုန်းက အဲလို မဟုတ်ပဲနဲ့...:P
ReplyDelete