Comments

Saturday, June 23, 2012

စာရိတ္တ နှင့် အ,စာရိတ္တ




          စာရိတ္တကို ကောင်းမြတ်သောကိုယ်ကျင့်တရားဟုလည်းကောင်း၊ အ,စာရိတ္တကို သေးသိမ်သော ကိုယ်ကျင့်တရားဟုလည်းကောင်း ယေဘူယျအားဖြင့် နားလည်နိုင်ပေမည်။ စာရိတ္တရှင်ထံတွင် ကောင်းမွန် မြင့်မြတ်သည့် စကား၊ လုပ်ရပ် နှင့် စိတ်နေစိတ်ထားများ ပေါ်လွင်နေတတ်၏။ အ,စာရိတ္တရှင်ထံတွင်မူ အဆိုးမြင် သဘောထားကိုသာ အခြေပြုသည့် အပြောအဆို နှင့် ကျင့်မူရာများအား မကြာခဏ တွေ့ရလေ့ရှိ၏။

          မိမိ၏စကားတစ်ခွန်း၊ လုပ်ရပ်တစ်ခုကြောင့် သူတစ်ပါးမှ ဒုက္ခရောက်နစ်နာမည်ကို  မလိုလားတတ်ခြင်း ကပင်လျှင် စာရိတ္တ၏ အခြေခံအရင်းအမြစ်ဖြစ်၏။ ဘယ်သူသေသေ ငတေမာပြီးရော ဟူသော စိတ်အခြေခံက အ,စာရိတ္တ၏ ဘူမိနက်သန် ဖြစ်ချိမ့်မည်။ မည်သို့ပင်ဆိုစေ မည်သည့်လူသားမှ တသမတ်တည်း ကောင်းခြင်း၊ ဆိုးခြင်း မရှိတတ်။ မည်သည့်ဖက်ကို ပိုပြီး အလေးသာသနည်း - ၄င်းသည်ပင် ထိုသူ၏ရုပ်လုံး ဖြစ်ပေသည်။

          ကမ္ဘာ့ဘာသာတရားတိုင်းက မိမိကိုယ်ကို မိမိမြင်လာအောင် ကြည့်ခိုင်းထားသည်။ မိမိ၏ပကတိတရားကို အရှိအရှိအတိုင်းမြင်လျှင် ဆင်သင့်တာဆင်ထားလျက် ပြင်သင့်တာပြင်အပ်ပေသည်။ မိမိ ကိုယ်ကို ပြန်လည်ပြင်ဆင်မွမ်းမံမှု မရှိသရွေ့ မကောင်းသည့် လောဘ၊ ဒေါသ၊ မောဟ၊ အတ္တ၊ မာန စသော အကုသိုလ်ဝဲဂယက်အတွင်း တ၀ဲလည်လည် နစ်မွန်းဖို့သာရှိသည်။  ထိုအရာများကို ခြိုးခြံချွေတာပြီး ကောင်းသည့်ဖက်သို့ ပြောင်းလဲနိုင်ပါက  သမာဓိ၏အင်အား သန့်စင်တိုးတက်လာသည်မှာ အထင်အရှား ဖြစ်လေ၏။ အ,စာရိတ္တရှင်များထံတွင် အပေါ်ယံပြင်ပသဏ္ဍာန်တွင် ရောင်စုံအရေခွံအသီးသီးခြုံထားစေကာမူ မုဒိတာတရား ပျောက်ဆုံးပြီး မစ္ဆေရိယ ပေါ်လွင်နေခြင်းကို အထင်းသား တွေ့ရတတ်၏။

          လူမှန်သမျှ အဖြူထည်သက်သက်အားဖြင့် ကမ္ဘာလောကသို့ ရောက်ရှိလာကြသည်။ နှစ်ကြာရှည်သည် နှင့်အမျှ ပတ်ဝန်းကျင်၏ အရောင်ဆိုးမှုအမျိုးမျိုးကို ခံကြရသည်။ ထိုရောအခါ အသက်သည် ရှင်သန်နေသော်လည်း နှလုံးသားမှာ သေဆုံးသွားကြတော့သည်။ အ,စာရိတ္တရှင်တို့သည် သေဆုံးနေသော နှလုံးသားများဖြင့် ဘ၀ရှင်သန်မှုအတွင်း နစ်မျောလိုက်ပါကုန်သည့် ရေစုန်သမားများ ဖြစ်ကြပြီး၊  စာရိတ္တရှင် တို့မှာကား ဘ၀ရေစီးကြောင်းဝယ် နှလုံးသားကိုရှင်သန်စေရန် ပြန်လည်ရုန်းကြွစေသော ရေဆန်သမားများ ဖြစ်ကြကုန်၏။ စိတ်စေတသိက် ကိန်းအောင်းရာ နှလုံးသားကိုသော်မျှ မထိန်းချုပ်နိုင်သူသည် အဘယ်မှာလျှင် တည်ငြိမ်အေးချမ်းမှုကို ရနိုင်အံ့နည်း ?  ငြိမ်းချမ်းရေး ဟူသည့် ဝေါဟာရ၏ အဓိပ္ပါယ်ကိုသာသိပြီး အနက်သဘော၏ ရသကို သိနားလည်နိုင်စွမ်းမည် မဟုတ်ချေ။ စိတ်စေတသိက် ၏ ကျွန်သဘောက်ဘ၀ ကျရောက်သွားသူများသည် သစ္စာတရား နှင့် ငြိမ်းချမ်းရေး အတွက် ရန်သူတော်များ ဖြစ်သွားရသည်မှာ  ဓမ္မတာ ပင်ဖြစ်ပါသည်။

          သို့ဖြစ်ရာ မည်သည့် ဘာသာ၊ လူမျိုး၊ နိုင်ငံ၊ လူ့အဖွဲ့အစည်း၊ အုပ်စုတွင်မဆို အ,စာရိတ္တရှင်များ ကြီးစိုး မင်းမူလာလျှင် ငါ ၀ါဒ  လွှမ်းမိုးသွားကာ တည်ငြိမ်မှု၊ နားလည်မှုများ ပျက်ယွင်းရသည်။ စာရိတ္တကောင်းများကို အထင်သေးနှိမ့်ချကာ ငါဝါဒီတို့အား သူရဲကောင်းသဖွယ် ထိပ်တန်းတင်ဦးညွှတ်လာတတ်ကြ၏။ လူ့အဖွဲ့အစည်းတစ်ရပ်ရပ်တွင် စာရိတ္တရှင်များ ဘေးရောက်သွားပြီဆိုပါက ထိုလူ့အဖွဲ့အစည်းဝင်များအဖို့ မကြာတော့သောကာလတစ်ခုဝယ်  ပျက်စီးနိမ့်ကျတော့မည်မှာ မလွဲပါလေ။ အဘယ်ကြောင့်ပါနည်း ?  တစ်ဖက်စောင်းနင်းယန္တရားကြီး လည်ပတ်လှုပ်ရှားလာသည်တွင် ရုပ်ပိုင်းဆိုင်ရာတိုးတက်မှု၏မြန်နှုန်းအတိုင်း (စိတ်)နာမ်ပိုင်းဆိုင်ရာကလည်း ဆန့်ကျင်ဖက်သို့ လျှောကျနိမ့်ဆင်းသွားသောကြောင့် ဖြစ်၏။

          လူ့အသိုင်းအ၀ိုင်းဖွံ့ဖြိုးမှု - Community Development  အား ရုပ်ဝါဒအပေါ်တွင်သာ ဦးတည်ရှေ့ရှုခဲ့သော် ကောက်ရိုးမီးအလား ၀ုန်းကနဲ ထတောက်ယုံသာ ရှိပေမည်။ ရေရှည်ဖွံ့ဖြိုးမှု နှင့် တည်ငြိမ်မှုကို မရရှိနိုင်။ စာရိတ္တကောင်းများကို ဆင်ယင်ထားသည့် လူ့အဖွဲ့အစည်းသည်ကား တဒင်္ဂတွင် အမြင်နုပ်သော်လည်း ရေရှည်တွင်တော့ ရွှေထုပ်သည့်မြပုဝါ ဖြစ်လာမှာ မလွဲတည့်။

          ပတ္တမြားမှန်လျှင် နွံမနစ်ပါလေ။ စာရိတ္တ၏သောဘ (အလှတရား)ဖြင့် လောကကို အလှဆင်ကြပါစို့။
ဂျူလိုင်ရဲရင့်
Share:

0 comments:

Post a Comment

Mr.KyawSwar ရဲ့သူငယ်ချင်းများ

BTemplates.com

Powered by Blogger.

Contact Form

Name

Email *

Message *

Search This Blog

Blog Archive

Sponsor

ads

Recent Post

Gadget

Recent News

Pages

Popular Posts

Blog Archive