သွေးအမျိုးအစား အကြောင်းနဲ့ ကင်ဆာရောဂါ အပါအ၀င် ရောဂါ တော်တော်များများကို နားလည် စေဖို့ အန်တီဂျင် (Antigen)နဲ့ အင်တီဘော်ဒီ (Antibody) အကြောင်း သိဖို့ လိုအပ်ပါတယ်။ အန်တီဂျင် ဆိုတာ သူ့ကို သတ်နိုင်တဲ့ အင်တီဘော်ဒီတွေ ထွက်အောင်လုပ်နိုင်တဲ့ ပစ္စည်း ကိုခေါ်ပါတယ်။ များသော အားဖြင့် အန်တီဂျင်တွေဟာ ပရိုတင်းဓါတ် (Protein) တွေဖြစ်ပြီး၊ အချို့ ကဆီဓါတ် (Carbohydrate) များကလည်း အန်တီဂျင် အနေနဲ့ ဆောင်ရွက် နိုင် ပါတယ်။ တစ်နည်း အားဖြင့် အန်တီဂျင်ကို “ကိုယ့်ပြန်သတ်မဲ့ အဇာတသတ်ကိုမွေးခဲ့တဲ့ဗိမ္ဗိသာရမင်း” လို့ပြောရ မယ်ထင် ပါတယ်။
အင်တီဘော်ဒီတွေ ကတော့ အထူးလေ့ကျင့်ထားတဲ့ လက်ဖြောင့်တပ်သားတွေလိုပါပဲသူတို့ နဲ့ သက်ဆိုင်တဲ့ အန်တီဂျင်တွေ ကိုရှာဖွေပြီး သုတ်သင်ဖျက်ဆီးပါတယ်။
သွေးဥနီတွေ ပေါ်မှာ ရှိတဲ့ အေဘီအို ဆိုင်ရာ အန်တီဂျင် (ABO Antigen system) စစ်စတန်ကလွဲရင် အင်တီဘော်ဒီတွေဟာ ကိုယ်ခန္ဓာထဲမှာ အလိုအလျှောက် မရှိပါဘူး။ ကိုယ် ခန္ဓာမှာ မရှိတဲ့ အန်တီဂျင်တွေ (၀ါ) တစ်စိမ်း အန်တီဂျင်တွေ ကိုယ်ထဲ ၀င်လာတဲ့ အခါ (၀ါ) တခါတရံကိုယ်နဲ့ မကြာခဏထိတွေ့ မိတဲ့ အခါမှာ ခန္ဓာကိုယ်ရဲ့ ခုခံကာကွယ်တဲ့ စစ်စတန် (Immune system) က ကိုယ်ခန္ဓာကို ကျူးကျော် ၀င် ရောက်လာတဲ့ရန်သူတွေကိုဖယ်ရှားဖို့ ထုတ်လုပ် တာပါ။ အန်တီဘော်ဒီ တွေကို အင်မြူနိုဂလိုဗူလင် (Immunoglobulin) လို့လဲ ခေါ် ပါတယ်။
သွေးအမျိုးအစား ဆိုတာ သွေးဥနီပေါ်မှာ ရှိတဲ့ သွေးဥနီ အန်တီဂျင် အမျိုးအစား တွေ ကို ပြောတာပါ။ သွေးဥနီ အန်တီဂျင် အမျိုးပေါင်း များစွာရှိပါတယ်။ အရေးကြီးတဲ့ သွေးဥနီ အန်တီဂျင် ကတော့ အေ၊ဘီ၊အို အန်တီဂျင် အဖွဲ့ ပါပဲ။
သွေးအမျိုးအစားအေ (A) ဆိုတာ သွေးဥနီအပေါ်မှာ အေအန်တီဂျင် (A Antigen) ရှိနေတာပါ၊ သွေးအမျိုးအစားဘီ (B) ဆိုရင် သွေးဥနီအပေါ်မှာ ဘီအန်တီဂျင် (B Antigen) ရှိနေပါတယ်၊ သွေးအမျိုးအစား အေဘီ (AB) မှာ သွေးဥနီအပေါ်မှာ အေအန်တီဂျင်ရော ဘီ အန်တီဂျင်ရော နှစ်မျိုးလုံး ရှိပါတယ်၊ သွေးအမျိုးအစားအို (O) ဆိုတာ ကတော့ သွေးဥနီ ပေါ် မှာ အေအန်တီဂျင်ရော ဘီအန်တီဂျင် ရော မရှိတာပါ။ တကယ်က ဇီအိုအန်တီဂျင် (Zero Antigen) လို့ပြော ရပါမယ်။
လူတစ်ယောက်ရဲ့ သွေးထဲမှာ သွေးဥနီပေါ်မှာရှိတဲ့ အေ၊ဘီ အန်တီဂျင် (AB Antigen) တွေသာမကပဲ သွေးမသွင်းဘူးပေမဲ့ သူ့ရဲ့သွေးရည်ကြည်ထဲမှာ သူ့မှာမရှိတဲ့ သွေးဥနီ အန်တီ ဂျင်တွေကိုသတ်နိုင်တဲ့ အေ၊ဘီ အန်တီဘော်ဒီ (AB Antibodies) တွေ အလိုအလျောက် ရှိ နေပါတယ်။ ငယ်ရွယ်စဉ်ကစား သောက်ခဲ့တဲ့အစား အစာတွေကြောင့်လို့ယူဆကြပါတယ်။
ဒါကြောင့် အေသွေးမျိုး ရှိတဲ့သူမှာ သူ့သွေးဥနီတွေမှာ အေအန်တီဂျင် ရှိပြီး၊ သွေးရည် ကြည်ထဲ မှာတော့ အန်တီဘော်ဒီ ဘီ (Anti-B antibodies) တွေရှိနေပါတယ်။ ထိုနည်းအတူ ဘီသွေးမျိုး ရှိတဲ့ သူမှာသွေးဥနီ ပေါ်က ဘီအန်တီဂျင်နဲ့ သွေးရည်ကြည်ထဲက အန်တီဘော်ဒီ အေ (Anti-A antibodies) တွေရှိနေပါတယ်။ အေဘီသွေးမျိုး ရှိတဲ့သူမှာအေနဲ့ဘီ အန်တီဂျင် နှစ်မျိုးလုံး သွေး ဥနီပေါ်မှာရှိပြီး၊သူ့သွေးရည်ကြည် မှာတော့ အန်တီဘော်ဒီ တစ်မျိုးမှမရှိပါဘူး။ အိုသွေးမျိုး ရှိတဲ့ သူရဲ့သွေးဥနီပေါ်မှာ ဘာအန်တီဂျင် မှမရှိပါ ဘူး။ ဒါပေမဲ့သူ့ သွေးရည်ကြည်ထဲ မှာတော့ အန်တီ ဘော်ဒီ အေရော ဘီရော ရှိပါတယ်။ (ပုံစံဇယား ၁ နဲ့ ၂ကိုကြည့်ပါ)။
ဇယား (၁) သွေးဥနီပေါ်ရှိ အန်တီဂျင်များ။
A antigen | B antigen | |
သွေးအမျိုးအစား | ||
A | (+) | (-) |
B | (-) | (+) |
AB | (+) | (+) |
O | (-) | (-) |
ဇယား (၂) သွေးရည်ကြည်ထဲရှိ အန်တီဘော်ဒီများ။
Anti A antibodies | Anti B antibodies | |
သွေးအမျိုးအစား | ||
A | (-) | (+) |
B | (+) | (-) |
AB | (-) | (-) |
O | (+) | (+) |
ဇယား (၃) ABO & Rh သွေးသွင်းခြင်း
သွေးလှူရှင်၏သွေးအမျိုးအစား
A(+) B(+) AB(+) O(+) A(-) B(-) AB(-) O(-)
လူနာ၏သွေးအမျိုးအစား
1. A(+) ok x x ok ok x x ok
2. B(+) x ok x ok x ok x ok
3. AB(+) ok ok ok ok ok ok ok ok
4. O(+) x x x ok x x x ok
5. A(-) x x x x ok x x ok
6. B(-) x x x x x ok x ok
7. AB(-) x x x x ok ok ok ok
8. O(-) x x x x x x x ok
အလိုအလျှောက် ရှိနေတဲ့ အန်တီဘော်ဒီက သွေးအမျိုးအစား မတူတဲ့ သွင်းလိုက်တဲ့ သွေးဥနီ တွေကို ဖျက်ဆီး တာကို (Incompatible blood transfusion) မတဲ့ သော သွေးသွင်း ခြင်းလို့ခေါ်ပါတယ်။ သေဆုံး ပျက်စီးသွားတဲ့ သွေးဥနီတွေ ထဲက ထွက်လာတဲ့ အဆိပ် အတောက်တွေ ကြောင့် သွေးသွင်းခံရတဲ့သူ ဟာ ချမ်းတုန်ခြင်း၊ ဖျားခြင်းနဲ့ သေဆုံး သည် အထိဖြစ်နိုင်ပါတယ်။ အဲ့ဒါကို မတဲ့သောသွေးသွင်းခြင်း ကြောင့်ဖြစ် သော ရီအက်ရှင် (Incompatible transfusion reaction) လို့ခေါ်ပါတယ်။ ဥပမာ။အေအမျိုးအစားရှိတဲ့ လူ နာ ကို ဘီသွေးသွင်း မယ်ဆိုရင် လူနာရဲ့သွေးထဲမှာ ဘီအန်တီဂျင်ပါတဲ့သွေးဥနီကို သတ် နိုင်တဲ့ ဘီ အန်တီဘောဒီတွေက သွင်းလိုက်တဲ့ သွေးဥနီတွေ ကို ဖျက်စီးပြစ်ပါတယ်။ ဘီအမျိုးအစား ရှိတဲ့လူနာနဲ့ အေ သွေးလှူရှင်လည်း ဒီလိုပါပဲ။
အေဘီလူနာ ကျတော့သူ့မှာ အန်တီဘော်ဒီ နှစ်မျိုးလုံး မရှိတာမို့ သူ့ကို အေ၊ဘီ၊အေဘီ၊အို သွေးလေးမျိုးလုံး သွင်းနိုင်ပါ တယ်။ ဒါကြောင့် သူ့ကို အူနီဘာဆဲ လက်ခံသူ (Universal recipient) တစ်နည်း လှူသမျှ အကုန်စားတဲ့ စူစကာပုဏ္ဏား လို့ ပြောရ မယ်ထင်ပါတယ်။ အိုအမျိုးအစား လူနာမှာတော့ အေနဲ့ဘီ အန်တီ ဘော်ဒီ နှစ်မျိုးလုံးရှိတာ ကြောင့် အေအန်တီဂျင် နဲ့ ဘီအန်တီဂျင်တစ်မျိုးမျိုး ရှိတဲ့ အေ၊ဘီ၊ အေဘီ သွေး သုံးမျိုးလုံး သွင်းလို့မရပဲ။ အန်တီဂျင်လုံးဝ မရှိတဲ့ အိုသွေးတစ်မျိုးပဲ လက်ခံနိုင် ပါတယ်။ ဒါပေမဲ့ သူ့သွေးဥနီ မှာ ဘာအန်တီဂျင်မှ မရှိတာကြောင့် အေ၊ဘီ၊အေဘီ၊အို၊ အမျိုး အစားအားလုံးကို ပေးနိုင်တာမို့ (Universal donor) သွေးဝေဿန္တရာ လို့ ပြောရပါမယ်။
ဒီအန်တီဂျင်တွေ အကြောင်း မသိခင်က သွေးသွင်း ကုသကြတဲ့ အခါ တစ်ခါတရံ ကံကောင်း ထောက်မစွာ အမျိုးအစားတူတာ (၀ါ) တဲ့သောသွေး (Compatible) သွင်းမိလို့ အောင်မြင်ပြီး၊ တစ်ခါတရံ သွေးအမျိုးမတူ (၀ါ) မတဲ့ သောသွေး (Incompatible) သွင်းမိလို့ လူနာတွေ သေဆုံး ခဲ့ကြရပါတယ်။
နောက်အရေးကြီးတဲ့ သွေးအမျိုးအစားတစ်ခု ကတော့ အာအိပ် (Rh system) ပါ။ Rh အန်တီဂျင်တွေ သွေးဥနီပေါ်မှာရှိရင် Rh (+) လို့ခေါ်ပြီး၊မရှိတဲ့သူကို Rh (-) လို့ ခေါ်ပါတယ်။ မြန်မာပြည်မှာ Rh (-) သွေးရှိ သူက ၁% ထက်နည်း ပါတယ်။Anti-Rh တွေကလည်း သဘာဝ အလျှောက်ရှိ မနေပါဘူး။ဒါကြောင့် သွေးသွင်းတဲ့နေရာမှာ သိပ်ဒုက္ခမပေးပါဘူး။
အရေးကြီးတဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ သိသင့်တဲ့ အကြောင်းကတော့။Rh (-) အမျိုးသမီး ဟာ Rh (+) အမျိုးသားနဲ့ အိမ်ထောင်ကျရင် (Rh +) ခလေးတွေ မွေးပါတယ်။ Rh (-) အမျိုး သမီးကို ကိုယ်ဝန် မရှိ စဉ် က (Rh +)သွေး သွင်းထား ခဲ့မယ်ဆိုရင် သူမကိုယ်က Rh အန်တီဂျင်ကို သတ်မဲ့ အန်တီ အာအိပ်အန်တီ ဘော်ဒီတွေ (Anti-Rh antibody)ကို ထုတ်ထား ပါ တယ်။အဲ့ဒီ အန်တီဘော်ဒီတွေက Rh (+) ဖြစ်တဲ့ ခလေးရဲ့ သွေးဥနီ တွေကို ဖျက်ဆီး တာ မို့ ခလေးပျက် ကျ နိုင်ပါတယ်။ Rh (-) အမျိုးသမီးမှာ ယခင်က Rh (+) သွေးသွင်းထားခြင်းမ ရှိရင်သူမဆီမှာ အန်တီအာအိပ်အန်တီဘော်ဒီတွေ မရှိတာမို့ ပထမ ခလေးကို ဒုက္ခမပေးပါဘူး။
ဒါပေမဲ့ ခလေးမွေးစဉ်၊အထူးသဖြင့် ခက်ခဲသော မွေးဖွါးခြင်းများ မှာခလေးရဲ့သွေးဥနီများ မိခင် ကိုယ်ထဲ ရောက်သွားပြီး။အန်တီအာအိပ်အန်တီဘော်ဒီတွေ ထွက်စေတာမို့ ဒုတိယခလေး၊ တတိယ ခလေးများပျက်ကျနိုင်ပါတယ်။
Rh အန်တီဂျင်လို အခြားသော သွေးဥနီ အန်တီဂျင် မျိုးပေါင်း များစွာရှိပါတယ်။အဲ့ဒီ အန်တီဂျင် မတူတာတွေ သွင်းရင်လည်း၊ မတူတဲ့ အန်တီဂျင်နဲ့ သက်ဆိုင်တဲ့ အန်တီဘော်ဒီ တွေ ထုတ် တာ မို့ နောက်တစ်ခါ သွေးသွင်းရင်(Incompatible transfusion reaction) ဖြစ် နိုင်သလို။ Rh အန်တီဂျင်လို ခလေးပျက်ခြင်းများလည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် အရေးပေါ် သေရေးရှင်ရေး ကိစ္စများမှ လွဲရင် သွေးအမျိုးအစား တူတာပဲ သွင်းသင့် ပါတယ်။အထူးသဖြင့် သွေးခဏခဏ သွင်း ရတဲ့ သွေးကင်ဆာ ရောဂါသည်များ၊ သွေးမထွက်တဲ့ရောဂါသည်များနဲ့ ကိုယ်ဝန်ဆောင်မည့်အမျိုးသမီးများဖြစ်ပါတယ်။
post by: achitsone.blogspot.com
0 comments:
Post a Comment